(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြု၍ သန်လျင်မြို့နယ် ရုံးသပြေကန်ကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကျင်းပ

ရန်ကုန် မတ် ၂၃

(၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သော ရုံးသပြေကန်ကျေးရွာ ကုန်ထုတ်ဂဝံလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီတွင် အဆိုပါ ဂဝံလမ်းထိပ်မုခ်ဦး၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြတ်မြတ်မော်က ဂဝံလမ်းသစ်ဖောက်လုပ်ဆောင်ရွက်ခဲ့မှုနှင့် မြို့နယ်အတွင်းဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။ ထို့နောက်၊ ကျေးရွာပြည်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် မင်္ဂလာအချိန်တွင် ရုံးသပြေကန်ကျေးရွာကုန်ထုတ်ဂဝံလမ်းသစ်အား ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်း၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီးဝင်းမိုးနိုင်၊ အဖွဲ့ဝင် (၂)ဦးအောင်မြင့်၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးကျော်မင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးကြသည်၊ ထို့နောက် လမ်းသစ်အားဖြတ်သန်းကြည့်ရှု၍ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ ကျေးရွာကုန်ထုတ်ဂဝံလမ်းသစ်အား ဟန်သီရိဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခဲ့ကာ လမ်းအရှည် ပေ (၁/၃.၂၁) မိုင်၊ အကျယ် (၁၂)ပေ၊ ထု (၉) လက်မရှိပြီး ယင်းဂဝံလမ်းသစ်ဖောက်လုပ်ဆောင်ရွက်ပေးနိုင်မှုကြောင့် ကျေးရွာပြည်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသထွက်ကုန်များအချိန်တိုအတွင်း တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်းသိရသည်။

ခရိုင် (ပြန်ဆက်)