သုံးခွ မတ် ၂၃
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဆေးဝါးများဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်းမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို မတ်လ ၂၁ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က သုံးခွမြို့မဈေးနှင့် အနီးဝန်းကျင်ရှိ ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်သူများအသုံးပြုလျက်ရှိသည့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမရှိစေရေး ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့မဈေးတာဝန်ခံတို့ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးရန် ဦးစားပေးကုန်စည်အမျိုးအစား (၁၀)မျိုးအား သတ်မှတ်ကာလများအတိုင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
စည်သူလင်း ပြန်/ဆက်