ပင်းတယ မတ် ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာအုပ်စုအတွင်းရှိ ဇော်ဂျီရေထွက်မှ ရေသွယ်ယူ၍ ပင်းတယမြို့သို့ ရေသွယ်ယူဖြန့်ဝေခြင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရေဖြူကျေးရွာအုပ်စု၊ ဇော်ဂျီရေပေးဝေရေးစခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် တာဝန်ရှိသူများက ဇော်ဂျီချောင်းရေတင်စီမံကိန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အမွှေးနံသာရေပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စက်ခလုပ်နှိပ်ဖွင့်၍ ရေစတင်ခုတ်မောင်းပေးခဲ့သည်။
ဆက်လက်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁) ၌ (၇၆) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာအုပ်စုအတွင်းရှိ ဇော်ဂျီရေထွက်မှ ရေသွယ်ယူ၍ ပင်းတယမြို့သို့ ရေသွယ်ယူဖြန့်ဝေခြင်းလုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း အခမ်းအနားအားကျင်းပရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက “(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံ ငွေကျပ် (၁၀၈၈ ဒသမ ၁၉၀) သန်း နိုင်ငံတော်မှ သတ်မှတ်ထားသည့် တင်ဒါလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်သည့် Shwe Kham Co.Ltdမှ ၂၀၂၃ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် ရေဖြူကျေးရွာအုပ်စု၊ ဇော်ဂျီရေထွက်မှ ပင်းတယမြို့သို့ ရေသွယ်ယူ၍ ပင်းတယမြို့ပေါ် (၁၃) ရပ်ကွက်ရှိ အိမ်ခြေ (၂၄၅၇) အိမ်၊ အိမ်ထောင်စု (၂၅၃၃) စု၊ လူဦးရေ (၁၀၅၆၅) ဦးတို့၏ နှစ်စဉ်နွေရာသီ၌ သောက်သုံးရေရှားပါးမှု အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် ယခုစီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။
ထို့နောက် တင်ဒါအောင်မြင်သည့် Shwe Kham Co.Ltdမှတာဝန်ခံတစ်ဦးမှ လုပ်ငန်းနှင့်သက်ဆိုင်သည့် စာရွက်စာတမ်းများနှင့် ပုန်းတလုပ်ကန် ကန်ရေကော်မတီမှ ကိုယ်ပိုင်လျှပ်စစ်ထရန်စဖော်မာအား ပင်းတယမြို့ စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြရာ ပင်းတယမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိမှ လက်ခံရယူခဲ့ပြီး ပုန်းတလုပ်ကန် ရေကန်ကော်အတီဝင်တစ်ဦးက ဇော်ဂျီရေထွက်မှ ရေသွယ်ယူ၍ ပင်းတယမြို့သို့ ရေသွယ်ယူဖြန့်ဝေခြင်း လုပ်ငန်းဆောင်ရွက်မှုနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသအတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ရေသွယ်ယူဖြန့်ဝေခြင်းလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ပေးကြပါသော တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ရဲထက်ဦး (ပြန်/ဆက်)