မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ် ကွမ်လှာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်း အဆင့်တိုးမြှင့်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ချောင်းဆုံ မတ် ၂၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကွမ်လှာကျေးရွာရှိ ကျောင်းသား၊ ကျောင်းသူများ လွယ်ကူချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အခြေခံပညာအလယ်တန်းကျောင်းမှ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအဆင့် တိုးမြှင့်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီက ကွမ်လှာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်း နဝရတ်ခန်းမတွင် ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်၊ ခရိုင် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မြဆရာတော်ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ အဂ္ဂမဟာပဏ္ဍိတပါဠိပါရဂူ၊ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကျောင်းအဆင့်တိုးမြှင့်ပွဲဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်း ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေခွင့်ရပြီး အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ အဆင့်မြင့်ပညာရပ်များ သင်ယူခွင့်ရရှိအောင် မိဘ၊ ကျောင်းကော်မတီနှင့် ရွာသူရွာသားများမှ ဝိုင်းဝန်းကူညီပေးရန် ပြောကြားခဲ့ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းနှင့် အမှတ်တရပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ အကပဒေသာဖြင့် ပြန်လည်ဖျော်ဖြေပေးခဲ့ကြသည်။

အဆိုပါ ကွမ်လှာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်း အဆင့်တိုးမြှင့်နိုင်ရန်အတွက် နိုင်ငံတော်မှထောက်ပံ့ငွေဖြင့် ၁၃၀-ပေx၃၀-ပေ (၂) ထပ်ဆောင် တစ်လုံးနှင့် ဒေသခံများ စုပေါင်းလှူဒါန်းငွေဖြင့် ခန်းမဆောင် (၁) ဆောင် ဆောက်လုပ်နိုင်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ ချောမွေ့စွာပညာသင်ကြားနိုင်ရေး အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်း အဆင့်တိုးမြှင့်နိုင်ခဲ့ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)