အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းဆင်းပွဲကျင်းပ

မူဆယ် မတ်လ ၂၃

မူဆယ်ခရိုင်၊မူဆယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီက ပြုလုပ်သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှုး ဦးအောင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားရာတွင် “ယခုလိုဘက်ပေါင်းစုံမှ ငွေကြေးများစွာ အကုန်အကျခံပြီး ဆောင်ရွက်ပေးခဲ့တဲ့အတွက် သင်တန်းကျောင်းများမှ စက်ချုပ်ပညာ၊ လက်မှုပညာနှင့် ရိုးရာမုန့်ပြုလုပ်သော ပညာရပ်များအပြင် အခြားသောအသိပညာရပ်များကိုပါ လေ့လာသင်ယူနိုင်ခဲ့ပြီးဖြစ်တဲ့အတွက် မိမိတို့အရပ်ဒေသသို့ ပြန်လည်ရောက်ရှိချိန်မှာ လက်တွေ့အသုံးချရင်း မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတတ်အောင်ဆောင်ရွက်စေလိုပါတယ်။ အိမ်တွင်းမှုသင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးထားခြင်းဟာ နယ်စပ်ဒေသ တိုင်းရင်းသူလေးများအနေဖြင့် ကိုယ်ပိုင်ယဉ်ကျေးမှု၊ဝတ်စားဆင်ယဉ်မှု၊ ရိုးရာလက်မှုအတတ်ပညာများဖြင့် မိမိဘဝကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး သင်တန်းများဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း” ပြောကြားသည်။

ထို့နောက် အိမ်တွင်းမှုသင်တန်းကျောင်းအုပ်ကြီး ဒေါ်နန်းစောရင်က သင်တန်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး သင်တန်းဆင်းအောင်လက်မှတ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပေးအပ်ချီးမြှင့်ပြီး ထူးချွန်သော သင်တန်းသူများအား ဆုချီးမြှင့်ပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရပါသည်။

ချယ်ရီမြေ