ဂျပန်စကားပြောသင်တန်း၊ အခြေခံပန်းချီသင်တန်းနှင့် မော်ဒန်ပန်းချီသင်တန်းဆင်းပွဲကျင်းပ

ရမည်းသင်း မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ နွေရာသီအားလပ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အကျိုးရှိစေရန် ဂျပန်စကားပြောသင်တန်း၊ အခြေခံပန်းချီသင်တန်းနှင့် မော်ဒန်ပန်းချီသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မြင့်စိုးက အဖွင့်အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ‌နွေရာသီသင်တန်းများဖွင့်လှစ်သင်ကြားပေးရခြင်းကို ရှင်းလင်းပြောကြားပြီး အားလပ်ချိန်များတွင် ရမည်းသင်းခရိုင် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ ရသ စာပေကောင်းများ လာရောက်ဖတ်ရှုလေ့လာကြရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ဇနီး ဒေါ်မြင့်ဉ္ဇူမြင့် မိသားစုမှ ပြိုင်ပွဲများ၌ ဆုချီးမြှင့်နိုင်ရန် ဒိုင်းဆု (၁၀၀) လှူဒါန်းရာ ခရိုင်ဦးစီးမှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) ကြီးမှူးကျင်းပသည့် ပုံပြောပြိုင်ပွဲတွင် ရမည်းသင်းခရိုင် ကိုယ်စားပြု နှစ်သိမ့်ဆု (၁) ရရှိသည့် အ.မ.က တပ်တွင်းကျောင်း Grade-5 ကျောင်းသူ မသော်တာငွေစင် အားဆုချီးမြှင့်ပေးအပ်ပြီး ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ Youth Club အသင်းနှင့် Book Clubအသင်းတို့မှ တာဝန်ရှိသူများက ဂျပန်စကားပြောသင်တန်း စွမ်းရည်ပြိုင်ပွဲ၊ အခြေခံပန်းချီသင်တန်းမှ ပန်းချီပြိုင်ပွဲနှင့် မော်ဒန်ပန်းချီသင်တန်း၊ အောက်ဒိုးပန်းချီဆွဲပြိုင်ပွဲတို့တွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ကာ စေတနာဖြင့်သင်ကြားပေးသည့် သင်တန်းနည်းပြ (၃) ဦး တိုကိုအမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)