တာချီလိတ် မတ် ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၅) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ဦးစွာ တာချီလိတ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောထူးက အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ယဉ်ယဉ်ထွေးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြကာ သင်တန်းတွင် ထူးချွန်ပထမဆုရရှိသော မသဲအိအိဖြူအား ဒုတိယညွှန်ကြားရေးမှူး ဦးစောထူး၊ ဒုတိယဆုရရှိသော မဂေါ်ဘအား သတင်းရဲတပ်ဖွဲ့(တာချီလိတ်) တပ်ဖွဲ့စုမှူး ရဲမှူးအောင်ဇော်လတ်၊ တတိယဆုရရှိသော မဒီးနအား ခရိုင်ပို့ဆောင်ရေးစီမံကိန်းဦးစီးမှူး ဦးတင်စိုးနှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ကျောင်းအုပ်ကြီး ဒေါ်ယဉ်ယဉ်ထွေးတို့က အသီးသီးချီးမြှင့်ပေးအပ်သည်။
ထို့နောက် သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အခမ်းအနားတက်ရောက်လာကြသူများက သင်တန်းသူများ၏ လက်ရာများဖြစ်သော မုန့်များနှင့်အဝတ်အထည်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါသင်တန်းတွင် နိုင်ငံတော်မှ အမျိုးသမီးငယ်များကို ကျောင်းအိပ်ကျောင်းစား စားရိတ်ငြိမ်းနှင့် သင်ထောက်ကူပစ္စည်း (၃၉) မျိုးထောက်ပံ့ပေးပြီး လက်မနှင့်စင်တီမီတာဖြင့် စက်ချုပ်နည်း (၁၉) မျိုး၊ လက်မှုပညာရပ် (၇) မျိုး၊ မုန့်လုပ်နည်းနှင့် ဟင်းလျာချက်ပြုတ်နည်း (၁၂) မျိုးကို ရက်သတ္တပတ် (၂၂) ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
သန်းဇော်