ရှမ်းပြည်နယ် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

တောင်ကြီး မတ် ၂၃

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre)  အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ကလေးအလုပ်သမား ပပျောက်ရေး ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ၏ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ပါ ရည်မှန်းချက် (၃)ရပ်ကို ၂၀၁၉ ခုနှစ်မှစ၍ (၁၅) နှစ်ကာလသတ်မှတ်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ပထမ(၅)နှစ်တာ ကာလအတွက် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်မှစ၍ ဒုတိယ(၅)နှစ်တာ ကာလအတွင်း ရှေ့(၅)နှစ်တွင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံများအပေါ် အားသာချက်၊ အားနည်းချက်များအား သုံးသပ်၍ ကော်မတီအလိုက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း၊ လုပ်သင့်လုပ်ထိုက်သည်များ၊ တွေ့ရှိရသည့် အခက်အခဲများကို ဆွေးနွေးပြီး ပြည်နယ်အစိုးရမှ ပံ့ပိုးဆောင်ရွက်ပေးရမည့် အချက်များကို လည်းတင်ပြကြစေလိုကြောင်း စသည်ဖြင့် ပြောကြားပါသည်။

ထို့နောက် စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ၊ အသိပညာပေးရေးနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေးလုပ်ငန်းကော်မတီ၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရေးလုပ်ငန်းကော်မတီ၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၊ စောင့်ကြည့်အကဲဖြတ် စိစစ်ရေးလုပ်ငန်းကော်မတီနှင့် ရန်ပုံငွေ ရှာဖွေရေးနှင့် ဘဏ္ဍာရေးလုပ်ငန်းကော်မတီတို့က လုပ်ငန်းငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင် ပြခြင်း၊ တက်ရောက်လာသူများက ဆွေးနွေးခြင်းများ ဆောင်ရွက်ကြရာ ရှမ်းပြည်နယ် ကလေး အလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)