မုဒုံ မတ် ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာန ၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မုဒုံ)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဥ်(၇)နှင့် မွန်ရိုးရာလက်ရက်ကန်းသင်တန်းအမှတ်စဥ်(၂၃) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက သင်တန်းကျောင်းခန်းမ၌ကျင်းပရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုုပ် ဦးမြင့်အောင်နှင့်တာဝန်ရှိသူများ တက်ရောက်သည်။
သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေးအတွက် သင်တန်းကျောင်းများဖွင့်လှစ်ပြီး အမျိုးသမီးငယ်များအတွက် အိမ်တွင်းမှုသင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းပေါင်း ၄၇ ကျောင်းအထိ ဖွင့်လှစ်နိုင်ခဲ့ပြီး အမျိုးသမီးငယ်လေးများကို အိမ်တွင်းမှုသက်မွေးပညာရပ်များ လေ့ကျင့်သင်ကြားပေးလျက်ရှိသည့်အပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးနေကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးအဖွဲ့ဝင်ဝန်ကြီးများက သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင်လက်မှတ်များကိုပေးအပ်၍ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးမှ သက်တန်းကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြခဲ့သည်။
မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အခြေခံအိမ်တွင်းမှုသင်တန်းတက်ရောက်ပြီးသူ ၁၆၈၂ ဦး၊ အဆင်မြင့်စက်ချုပ်သင်တန်း တက်ရောက်ပြီးသူ ၄၄၆ ဦး၊ ကြိမ်/ဝါးသင်တန်း တက်ရောက်ပြီးသူ ၃၇ ဦး၊ ဟင်းလျာသင်တန်းတက်ရောက်ပြီးသူ ၉ ဦး၊ အဆင်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း တက်ရောက်ပြီးသူ ၂၂၉ ဦး၊ မွန်ရိုးရာလက်ရက်ကန်းသင်တန်း တက်ရောက်ပြီးသူ ၈၉ ဦး စုစုပေါင်း သင်တန်းသူ ၂၄၉၂ ဦးကို သင်ကြားလေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)