ခရမ်းမြို့နယ်အတွင်းရှိ မဲရုံအသီးသီးသို့ မဲရုံလုပ်ငန်းသုံးပစ္စည်းများ ဆက်လက်ထုတ်ပေး

ခရမ်း နိုဝင်ဘာ ၅

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် အသုံးပြုရန် အတွက် မဲပုံးများနှင့် မဲရုံသုံး ပစ္စည်းအမျိုးမျိုးကို အောက်တိုဘာ ၂၈ ရက်နေ့မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများထံသို့ ထုတ်ပေးခဲ့ကြောင်း၊ ကျန်ရှိသည့် မဲရုံလုပ်ငန်းသုံးပစ္စည်းများ ကို ဆက်လက်ထုတ်ပေး လျက်ရှိကြောင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မဲရုံသုံးပစ္စည်းများ ထုတ်ပေးရာတွင် မဲပုံးများ၊ မဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ မဲပေးပုံအဆင့်ဆင့် ပညာပေးဗွီဒီယိုခွေ၊ သိမှတ်ဖွယ်ရာစာအုပ်များ၊ စည်းမျဉ်း စည်းကမ်းစာအုပ်များ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်းလမ်းညွှန်စာအုပ်များ၊ မဲစာရင်း ပုံစံများ၊ ကော်ဘူး၊ ကော်ထုတ်များ၊ မဲစာရွက်များ သိမ်းဆည်းရန် ဆာလာအိတ်များ၊ ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းတို့ကို သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ကိုယ်တိုင်လာရောက်ထုတ်ယူ ခဲ့ကြသည်။
ခရမ်းမြို့နယ်တွင် ရပ်ကွက် (၁၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆၆) အုပ်စုရှိပြီး စုစုပေါင်းမဲရုံ(၂၀၄)ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း(၁၂၀၀၀၀)ဦး ကျော်ရှိကြောင်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ  အတွင်းရေး မှူး ဒေါ်မေသဇင်စိုးထံမှ သိရသည်။
ကိုမင်း(ခရမ်း)