နေပြည်တော် နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ယာယီမဲရုံတည်ဆောက် ထားရှိမှုအား ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ကောင်စီဝင်ဦးညီထွန်းနှင့် တာဝန်ရှိသူတို့က ကြည့်ရူစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင်ဦးညီထွန်း၊ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းထွေး၊ ဥတ္တရခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တို့က ယာယီမဲရုံတည်ဆောက်ထားရှိ အခြေအနေများအား ကြည့်ရူစစ်ဆေးရာ ပုဗ္ဗသီရိမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစန်းလွင်တို့က ပြည်သူများဘေးကင်း လုံခြုံစွာ ဆန္ဒမဲပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုများနှင့် မဲရုံလုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ တို့က ရွေးကောက်ပွဲကို စံငါးချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များကို အထူးအလေးထားလိုက်နာဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း မှာကြားခဲသည်။
ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်(၁၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၈)အုပ်စုမှ အသက်(၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စုစုပေါင်း (၉၇၇၈၇)ဦးရှိပြီး မဲရုံပေါင်း(၇၉)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကံချွန်(ပြန်/ဆက်)