ကျောက်ဖြူ မတ် ၂၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား ရုံးစာရေးသားရာတွင် နည်းစနစ်ကျစွာ ရေးသားတတ်စေရန်ရည်ရွယ်၍ “ရုံးစာရေးသားနည်းသင်တန်း” ကို ယမန်နေ့နေ့လယ်ပိုင်းက ဖွင့်လှစ်သင်ကြားပို့ချသည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ယုယုနွယ်က သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရုံးစာရေးသားရာတွင် အခြေခံရမည့်အချက်များ၊ ရုံးစာရေးသားနည်းအမျိုးအစားများ၊ ရုံးစာရေးသားနည်းတွင် အသုံးပြုရမည့်ခေါင်းစဉ်များ၊ ရုံးစာရေးသားရာတွင် လိုက်နာရမည့် အထားအသိုအကွာအဝေးများ စသည့်ရုံးစာရေးသားနည်းဆိုင်ရာများကို စာတွေ့လက်တွေ့ ပို့ချပြသရာ ဝန်ထမ်းများက စိတ်ပါဝင်စားစွာဖြင့် တက်ရောက်သင်ယူခဲ့ကြသည်။
အဆိုပါ သင်တန်းကို ကျောက်ဖြူခရိုင်ရုံးရှိ ဝန်ထမ်းများမှ တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ စာတွေ့လက်တွေ့ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ဖြိုးဝေလင်း