တွံတေး နိုဝင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ လက်ပံဂွကျေးရွာအုပ်စု၊ စက်ဆန်းကျေးရွာတွင် ကိုဗစ်-၁၉ ကာလ ပညာစံအိမ်စာကြည့်တိုက်အား ခေတ္တယာယီ ပိတ်ထားခဲ့ရသည့်အတွက် စာကြည့်တိုက်တွင် ပညာဒါနသင်ကြားပေးနေသော မူကြိုဆရာမများနှင့် ပရဟိတလုပ်ငန်း ကူညီဆောင်ရွက်ပေးသော ကော်မတီဝင်များကို အလှူရှင်မှ ထောက်ပံငွေပေးခြင်းကို ယမန်နေ့ ညနေက စက်ဆန်းကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စက်ဆန်းကျေးရွာတွင် အိမ်ခြေ(၁၅၀)ကျော်၊ အိမ်ထောင်စု(၁၇၀)စု၊ လူဦးရေ(၆၀၀) ကျော်ရှိပြီး ပညာစံအိမ်စာကြည့်တိုက်တွင် ပညာဒါနသင်ကြားပေးနေသော မူကြိုဆရာမ(၇) ဦးအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခက်အခဲမရှိစေရေးအတွက် တစ်ဦးလျှင် ငွေကျပ်(၁၀၀၀၀၀)၊ လက်ပံဂွကျေးရွာ အုပ်စုတွင် ပရဟိတကူညီဆောင်ရွက်ပေးသော ကော်မတီဝင်(၃၀)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) စုစုပေါင်းငွေကျပ် (၂၂) သိန်းကို ရန်ကုန်မြို့မှ အလှူရှင်တစ်ဦးက ထောက်ပံ့လှူဒါန်းခြင်းဖြစ် ကြောင်း သိရသည်။
မူကြိုဆရာမတစ်ဦးကလည်း “ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စာကြည့်တိုက်ကလည်း ခေတ္တပိတ်ထား မူကြိုကိုလည်း ပိတ်ထားခဲ့ရပါတယ်။ ကျွန်မတို့လို ပညာဒါန သင်ကြားပေး နေတဲ့သူ၊ ပရဟိတ ကူညီဆောင်ရွက်ပေးနေသော ကော်မတီဝင်တွေကို စားဝတ်နေရေး အခက်အခဲမဖြစ်ပေါ်စေရန် အခုလို လှူဒါန်းပေးသော အလှူရှင်ကို များစွာအထူးကျေးဇူး တင်ပါတယ်” ဟု မူကြိုဆရာမ ဒေါ်ထွေးထွေးငြိမ်း က ပြောကြားခဲ့သည်။
မျိုးလှိုင်(တွံတေး)