၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းအမရပူရ၌ ဖွင့်လှစ်

အမရပူရ မတ် ၂၁

၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းဆင့် (KG) ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်တွင် ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ အသီးသီးဖြည့်သွင်းရန် အချက်အလက်များ ပါဝင်သဖြင့် ကျောင်းအုပ်ကြီးများနှင့် မူလတန်းဆင့် ဆရာ၊ ဆရာမများ နားလည်သဘောပေါက် တတ်ကျွမ်းမှုရှိစေရန်၊ "ကျောင်းကျန်းမာ ရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် ၁ အခြေခံပညာ အထက်တန်း ကျောင်း၊ အမရအောင်မြေခန်းမတွင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် မြို့နယ်ပညာရေးမှူး ဒေါ်ထားထားစိမ်းက အဖွင့်အမှာစကားပြောကြားပြီး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှဒေါက်တာစိုးကိုကိုဇော်က ဆောင်ရွက်ရမည့် လမ်းစဥ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး နည်းပြဒေါက်တာ ထက်ကောင်း၊ ဦးစီးအရာရှိ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဦးမျိုးအောင်၊ ဒုတိယဦးစီးမှူး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါ်နှင်းနန္ဒာလှိုင်၊ ဒုတိယမူလတန်းပြ၊ အ.လ.က မှန်တန်းကျောင်းနှင့် ဒေါ်ရှင်မွန်ဦး လက်ထောက်မူလတန်းပြ၊ အ.မ.က စာကြင်ဝတို့က နည်းပြအဖြစ် ကျန်းမာရေးမှတ်တမ်းကတ်ပါခေါင်းစဥ် ၆ မျိုးကို နှစ်ရက်တာသင်ကြားပို့ချသွားမည်ဖြစ်သည်။ သင်တန်းသို့ အခြေခံပညာမူလတန်းဆရာ၊ ဆရာမ ၂၀၄ ဦး တက်ရောက်ခဲ့ ကြောင်းသိရသည်။

သင်တန်းနှင့်ပတ်သက်၍ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ်တွင် ဖြည့်သွင်းရမည့် အချက်အလက်များအား နားလည်သဘောပေါက် တတ်ကျွမ်းမှုရှိစေရန် မူလတန်းဆင့် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာမှုကိုသိရှိ၍ မိမိကျန်းမာရေးနှင့် အများစုကျန်းမာရေးကို လိုက်နာဆောင်ရွက်တတ်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးစသော ဘက်စုံပညာပြည့်ဝစေရေးအတွက် အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနှင့် ကြံ့ခိုင်ရေး၊ ကျန်းမာစွာဖြင့် အသက်ရှည်အောင် နေထိုင်တတ်စေရေး လေ့ကျင့်ပေးနိုင်ရန်စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုးသီဟ(အမရ)