ကော့မှူး မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ယမန်နေ့ မွန်းလွဲ ၃ နာရီက စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းအားကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး Book Club အဖွဲ့ဝင် ဦးမြလင်းက စာရေးဆရာ ရန်ကုန်ဘဆွေရေးသားသည့် မြန်မာပြည်သား စာအုပ်ထဲမှဆွေးနွေးရာတွင် မင်းကြီးမဟာနော်ရထာသည် စစ်သူရဲနှစ်သောင်းကို အုပ်ချုပ်လျက် ဟံသာဝတီ၊ မုတ္တမနှင့်မြိတ်ထားဝယ်တို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ထိုင်းသို့တိုင်အောင်ချီတက်ရလိမ့်မည်ဖြစ်ပြီး မြောက်ဘက်တစ်လွှားမှ ရန်သူတပ်ကြီးချီတက်လာပြီဟူသော သတင်းကိုကြားရကြောင်း၊ လက်ဝဲဝင်းမှူး နေမျိုးစည်သူကို စစ်သူရဲနှစ်သောင်းကျော်ဖြင့် ရန်သူတပ်ကြီးအားဆီးဆို့ တိုက်ထုတ်ရန်အမိန့်တော်ချမှတ်လိုက်ပြီသော သတင်းထွက်လာကြောင်းရွာက မိန်းမတွေကပါ စစ်ထဲသို့လိုက်၍ ရန်သူတွေကို တိုက်ပစ်ချင်နေကြကြောင်း၊ မြန်မာနှင့်ရန်သူတို့ဘာကြောင့် စစ်ဖြစ်ကြရသည်ကို ကလံရွာခေါင်းတော်မင်းများမှတစ်ဆင့် ကလေး၊ လူကြီး၊ မိန်းမယောက်ျား၊ အမယ်အို အဘိုးအိုတို့ပါမကျန် တစ်ရွာလုံးသိလာကြကြောင်း၊ ပွဲကျောင်းကိုယ်တော်ကြီးနှင့်တကွ တစ်ရွာလုံးကပါ ရရာလက်နက်ကို ဆွဲကိုင်၍ ရန်သူများကို သွားရောက်တိုက်ခိုက်ကြမည်တကဲကဲဖြစ်နေကြောင်း၊ ကျေးဇူးသစ္စာကိုမစောင့်သိဘဲ ထွက်ပြေးသွားကြသော ဗန်းမော်၊ သိန္နီနှင့်ကျိုင်းတုံစော်ဘွားတို့က ယခုအချိန်၌ စစ်လည်းပန်း၊ အုပ်ချုပ်ရာ၌လည်း အသားမကျဖြစ်နေသော ဘုရင်အသစ်တက်ရောက်အုပ်စိုးစ မြန်မာနိုင်ငံကိုလာတိုက်လျှင် အလွယ်တကူရလိမ့်မည်ဟု ရွှေငွေလက်ဆောင်ပဏ္ဏာကို ဆက်လျက်ရန်သူ ဘုရင်ခံကို ငိုချင်ရက်လက်တို့လိုက် သလိုသွားရောက်ပြောကြားထား၏၊ ထိုသို့သော အကြောင်းခံများရှိနေဆဲ လောလီဟူသော ရန်သူနယ်သားတစ်ယောက်က ကုန်စည်များနှင့်အတူ ဗန်းမော်၊ ကောင်းတုံသို့ရောက်လာ၏၊ ထိုလောလီကတာပိန်မြစ်ကိုဖြတ်၍ တံတားပြုလိုကြောင်းဆိုင်ရာ စစ်ကဲထံအခွင့်တောင်းရာတံတားမှာ နယ်စပ်ဖြစ်သောကြောင့် စစ်ရေးစစ်မှုအတွက် အရေးကြီးသည့်အတွက်ဆိုင်ရာသို့ အခွင့်တောင်းပြီးမှ အကြောင်းပြန်မည်ဟုပြောခဲ့ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများကို စာပေချစ်မြတ်နိုးသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကျော်သူရ