အမရပူရ မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားရေး (ခရိုင်အဆင့်) ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မြင့်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်အမရပူရခရိုင် ပညာရေးမှူး ဒေါ်ခင်စန်းဝင်းက ဆွေးနွေးပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ယနေ့ဆွေးနွေးပွဲတွင် ဆရာ၊ ဆရာမများအတွက် တတ်ကျွမ်းမှုစံသတ်မှတ်ချက် အညွှန်းဘောင် Teacher Competency Standards Framework(TCSF)ကို လေ့လာသင်ယူ ပြီးနောက် ယခုအချက်များကို သိရှိနားလည် သဘောပေါက်ရန်ရည်ရွယ်ကြောင်း သိရသည်။
ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) ၏ ရည်ရွယ်ချက်နှင့် အသုံးပြုမှုကို ဖော်ပြတတ်မည်။ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF)၏ ဖွဲ့စည်းပုံကို ရှင်းပြတတ်မည်။ ဆရာများအတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) တွင် ပါဝင်သော ပညာရပ်နယ်ပယ် တစ်ခုချင်းစီ၏ အဓိကရည်ရွယ်ချက်များကို ဖော်ပြတတ်မည်။ မူလတန်းပြဆရာများ (လုပ်ငန်းခွင် စတင် တာဝန်ထမ်းဆောင်စအဆင့်)အတွက် တတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင် (TCSF) ၏ အနိမ့်ဆုံးလိုအပ်ချက်များကို ဖော်ပြတတ်မည်။
ယခုဆွေးနွေးပွဲကို သင်တန်းနည်းပြ ၇ ဦးမှ ၄ ရက်ကြာသင်ကြားဆွေးနွေးသွားမည်ဖြစ်ပြီး သင်တန်းသူဆရာ၊ ဆရာမ ၉၂ ဦးနှင့် လာရောက်လေ့လာသူ ၆၀ ဦး စုစုပေါင်း ၁၅၂ ဦးရှိကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။
စိုးသီဟ(အမရ)