မိုင်းဆတ်မြို့၌ အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းဆတ် မတ် ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ ဆရာမများ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက အ.ထ.က-ခွဲ (လ-၂) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ပညာရေးမှူး ဦးအောင်ဇော်က ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပေးခြင်းဖြင့် ဆရာ၊ ဆရာမများ သင်ခန်းစာသင်ကြားမှုစွမ်းရည်မြှင့်မားပြီး ကျောင်းသား၊ ကျောင်းသူများကို ဗလငါးတန်နှင့်ပြည့်ဝပြီး ထူးချွန်ထက်မြက်သည့် လူတော်လူကောင်းများကို မွေးထုတ်ပေးနိုင်ရန်၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် နည်းပြများ သင်ကြားပို့ချသည့် သင်ခန်းစာများကို စနစ်တကျမှတ်သား၍ အချင်းချင်းတစ်ဦးနှင့်တစ်ဦး ဘာသာရပ်အလိုက် သင်ကြားမှုများအား လက်တွေ့ဆောင်ရွက်ကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာရေးမှူးရုံး၊ ပညာဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မီမီဟန်က သင်တန်းနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို မိုင်းဆတ်ခရိုင်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူ၊ ဆရာ၊ ဆရာမ (၂၇) ဦးအား နည်းပြ (၂) ဦးဖြင့် မတ်လ (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

မြင့်မောင်(မိုင်းဆတ်)