သီပေါ နိုဝင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မီးသတ်ဦးစီးဌာနမှ ရပ်ကွက်နေ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်စေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များကို ယမန်နေ့ ညနေပိုင်းက မြို့ပေါ်ရပ်ကွက်လမ်းများ တစ်လျှောက် မီးသတ်ကားဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက် အတွင်းရှိ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ ထားရှိကြရန်၊ ဖယောင်းတိုင်မီး၊ ခြင်ဆေးမီး၊ မီးဖိုမီးများအား စနစ်တကျငြိမ်းသတ်ပြီးမှအိပ်ကြပါရန်၊ လျှပ်စစ်မီးအား အသုံးပြုပြီးတိုင်း ပြန်လည်စိစစ်ကြရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန်၊ လမ်းသွားရင်းဆေးလိပ်သောက်သုံးခြင်းမပြုလုပ်ရန်၊ မိမိတို့နေအိမ်ဝန်းကျင်ရှိ ရေအိုး၊ ရေစည်များကို ရေဖြည့်ထားကြရန်နှင့် အမှိုက်သရိုက်များကို မီးရှို့လိုပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ သတင်းပေးပို့ရန်တို့ကို လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
သီပေါမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် နိုင်စေရန် ရည်ရွယ်၍ ယခုလို ရပ်ကွက်များအတွင်း မီးသတ်ကားဖြင့် လှည့်လှည်အသိပညာပေး နှိုးဆော်ရခြင်းဖြစ်ကြောင်းနှင့် ကျေးရွာများသို့လည်း သွားရောက်လှည့်လည်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)