ချင်းရွှေဟော် နိုဝင်ဘာ ၅
တရုတ်နိုင်ငံမှ ပြန်လာသည့် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသော မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ(၂၂)ဦးအား ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ အသွားအလာကန့်သတ် ခေတ္တထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ရောဂါပိုးရှိ/ မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ နေရပ်ပြန်ပြည်သူအားလုံးတို့မှာ ရောဂါပိုးမတွေ့ရှိ၍ ယမန်နေ့၊ ညနေ(၅)နာရီအချိန်က ၎င်းတို့၏ သက်ဆိုင်ရာဒေသများသို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် မော်တော်ယာဉ်များဖြင့် စနစ်တကျစီစဉ်၍ လားရှိုးမြို့သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည်။
အဆိုပါ လွှဲပြောင်းပို့ဆောင်ပေးခဲ့သည့် နေရပ်ပြန်ပြည်သူ(၂၂)ဦးမှာ အမျိုးသား(၁၀)ဦးနှင့် အမျိုးသမီး(၁၂)ဦးတို့ ဖြစ်ကြပြီး ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်မှ(၂)ဦး၊ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ(၇)ဦး၊ ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်မှ (၄)ဦး၊ ကွတ်ခိုင်မြို့နယ်မှ(၂)ဦး၊ ပန်ဆိုင်းမြို့နယ်မှ(၃)ဦး၊ သိန္နီမြို့နယ်မှ(၁)ဦး နှင့် မိုင်းနောင်မြို့နယ်မှ(၃)ဦး တို့ဖြစ်ကြောင်း သိရှိရသည်။
ဇင်ဇင်(ပြန်/ဆက်)