စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစီအမံများ ညှိနှိုင်းဆွေးနွေး

လမ်းမတော် နိုဝင်ဘာ ၅

လမ်းမတော်မြို့နယ်၊  UMFCCI  တွင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အစီအမံများ ညှိနှိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ တိုင်းကျန်းမာရေးဦးစီးဌာန၊ ကုန်သည်စက်မှု အသင်းချုပ်၊ စက်မှုဇုန်များနှင့် ယမန်နေ့ မွန်းလွဲပိုင်း တွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်း အား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာထွန်းမြင့်၊ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်း ရေးမှူးချုပ် ဦးအေးဝင်း၊ စက်မှုဇုန်ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များကို စနစ်တကျ လိုက်နာပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ ပြန်လည်ဖွင့်လှစ်နိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်ကို တိတိကျကျ လိုက်နာနိုင်ရေး၊ လုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသော ဝန်ထမ်းများ၊ လုပ်သားများ စနစ်တကျလုပ်ကိုင် ဆောင်ရွက်သွားနိုင်ရေး၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်သည့် မှတ်တမ်း မှတ်ရာများကို စုစည်းတင်ပြနိုင်ရေး၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ပြင်ဆင်ဆောင်ရွက်ထားသည့် အစီအမံ များနှင့် ပုဂ္ဂလိက ကဏ္ဍမှ ပူးပေါင်း ဆောင်ရွက်ရမည်များကို အဓိကထား ဆွေးနွေးကြ သည်။
တိုင်းကျန်းမာရေးဦးစီးဌာနမှလည်း စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အခြေအနေများ၊ A အဆင့်၊ B အဆင့်ရသည့် စက်ရုံ၊ အလုပ်ရုံများ၊ လိုက်နာဆောင်ရွက်ရမည့် အချက် များကို ရှင်းလင်းတင်ပြခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါ်ခိုင်ခိုင်နွယ်၊ ဒေါက်တာ အောင်သိန်းနှင့် ဦးအောင် စိုးသာ၊ စက်မှုဇုန်ဥက္ကဋ္ဌများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့် လမ်းမတော်(ပြန်/ဆက်)