ကျောက်ဆည် မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် မြို့အင်္ဂါရပ်နှင့် ကိုက်ညီပြီး မြို့ပြဖွံ့ဖြိုးတိုးတက်ရေး မြို့တွင်းလမ်း (၅) လမ်းအား ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြုပြင်ပေးခဲ့သော မြို့တွင်းလမ်းများမှာ အေးမြကြည်လင်ရပ်ကွက် အရှေ့ဘက်လမ်းသွယ် အမှတ် (၂) လမ်း၊ အေးမြကြည်လင်ရပ်ကွက်အုပ်စု၊ တံစိုးဂိတ်လမ်း၊ ဖောင်ရွာရပ်ကွက် ဦးကံမြင့်လမ်း၊ ကြက်မင်းတွန်ရပ်ကွက် သံလွင်လမ်းနှင့် ဈေးတန်းရပ်ကွက် ပတ္တမြားလမ်းတို့ ဖြစ်ကြောင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကတ္တာခင်း ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေး၊ မြို့အင်္ဂါရပ် များနှင့် ညီညွတ်စေရေး မြို့တွင်းလမ်းများအား ကတ္တရာခင်းခြင်း၊ ကွန်ကရစ်ခင်းခြင်း၊ တံတားများ ပြန်လည်ပြုပြင်ခြင်း၊ အရိပ်ရအပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်ခြင်း၊ သောက်သုံးရေ ပေးဝေခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်