ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန် ပြည့်ဝစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပဆောင်ရွက်

ဒေါပုံ မတ်၂၁

လူငယ်ဟူသည် အနာဂတ်၏အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက လူငယ်များ ကာယဗလ၊ဉာဏဗလ၊ စာရိတ္တဗလ၊ စိတ္တဗလနှင့် ဘောဂဗလ ဟူသည့် ဗလငါးတန်နှင့် ပြည့်စုံရန်လိုအပ်ကြောင်း၊ လူငယ်ဆိုသည်မှာ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ကြောင်း၊ ထူချွန်ထက်မြက်သည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရန် လေ့လာလိုက်စားသင့်သည့် စာပေဗဟုသုတများကိုလည်း ဖတ်ရှုရန်လိုကြောင်း စသည်ဖြင့် ဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်ခိုင်ဝေဝေနှင်းက ကျန်းမာရေးကောင်းမွန်စေရန် လေ့လာလိုက်စားရမည့် အားကစားနည်းများနှင့် နေ့စဥ်ကိုယ်လက်လှုပ်ရှား ဆောင်ရွက်ပေးခြင်းဖြင့် သက်ရှည်ကျန်းမာစွာ နေထိုင်နည်းများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုတများ ရရှိစေရန်အတွက် နံရံကပ်စာစောင်များဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်း စသည်တို့ကိုပြသခဲ့ပြီး စာအုပ်၊ စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့ရာ ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)