ကျောက်ဆည် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမဆောင်၌ အခြေခံပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံအတွက် အရေးကြီးသော လူသားအရင်းအမြစ်များ အစွမ်းကုန် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယမန်နေ့ နံနက် (၉) နာရီက အခြေခံပညာမူလတန်းအဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ဆရာမများ စွမ်းရည်မြင့်မားရေး သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ကျောက်ဆည်ခရိုင် ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား မြို့နယ်များရှိ အခြေခံပညာ မူလတန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ သင်ယူတက်မြောက်မှု စွမ်းရည်မြင့်မားလာစေရေး၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှု နယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှု ဖြစ်စေရေး၊ တက်မြောက်မှုကို စစ်ဆေးရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့်ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှု စွမ်းရည်၊ တွေးခေါ်မြော်မြင်မှု စွမ်းရည်ကို ဖော်ပြသော စစ်ဆေးတိုင်းတာမှု ဖြစ်စေရေး၊ အခြေခံပညာ အဆင့်အလိုက် အတန်းကူးပြောင်းနှုန်း မြင့်မားစေရေးအတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်ဆည်ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လွင်လွင်သန်းနှင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ မြို့နယ်ပညာရေးမှူး အခြေခံပညာ မူလတန်း အဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ၊ဆရာမများ စွမ်းရည်မြင့်မားရေး ဆွေးနွေးပွဲ သင်တန်းကို အတန်းအလိုက်၊ ဘာသာရပ်အလိုက်၊ သင်ကြားသင်ယူမှု ဖွံ့ဖြိုးတိုးတက်စေရေးနှင့် သင်ယူတက်မြောက်မှုများ ကိုက်ညီစေရေး၊ သိမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး သင်တန်းတွင် ကြိုးစားသင်ယူသွားကြစေလိုကြောင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းကို ဆက်လက်သင်ကြားပို့ချခဲ့ရာ ကျောက်ဆည်မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၂၄၇)ဦး၊ စဉ့်ကိုင်မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ (၁၂၁) ဦး၊ မြစ်သားမြို့နယ်မှ သင်တန်းသားသင်တန်းသူ (၁၆၇)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ (၂၀) ရက်နေ့မှ မတ်လ (၂၃) ရက်နေ့အထိ (၄)ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်၊ ကျောက်ဆည်