ဆိပ်ကြီးခနောင်တို မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မြန်မာသက္ကရာဇ် (၁၃၈၆) ခုနှစ် ၊ ခရစ်နှစ် (၂၀၂၄) ခုနှစ်မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်က “ မိမိတို့မြို့နယ်အတွင်း သင်္ကြန်ပွဲတော်အား ယခင်နှစ်များထက် ပိုမိုစည်ကားအောင် ကျင်းပနိုင်ရေးအတွက် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းဆောင်ရွက်ရန်၊ သင်္ကြန်ပွဲတော် ကာလ လုံခြုံရေး စီစဉ်ဆောင်ရွက်ထားရန် ၊မြို့နယ် ရေကစားမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ် ဆောက်လုပ်၍ ယိမ်းအကများဖြင့် ဖျော်ဖြေသွားရန်၊ နှစ်ဆန်းတစ်ရက်နေ့ သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ရန်” စသည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဗိုလ်မှူးဇော်မင်းဦးက သင်္ကြန်ပွဲတော် ကာလအတွင်း မြို့နယ် လုံခြုံရေးနှင့် သက်ဆိုင်ရာမြို့နယ် ဌာနဆိုင်ရာများအနေဖြင့် ရုံးပိတ်ရက်ကာလရှည်ဖြစ်သဖြင့် မိမိရုံးဌာနများအား မီးဘေးနှင့်လုံခြုံရေးအထူးဂရုပြု အလေးထားဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားသည်။
ထို့နောက် တက်ရောက်လာသည့် မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဆပ်ကော်မတီဝင် မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ ဆပ်ကော်မတီအလိုက် ဆောင်ရွက်ရမည့် ရေကစားမဏ္ဍပ်တည်ဆောက်ရေး၊ ယိမ်းအကအဖွဲ့များ ကပြဖျော်ဖြေရေးနှင့် ဆုများ ချီးမြှင့်ရေး၊ စတုဒီသာမုန့်များ ကျွေးမွေးလှူဒါန်းရေး၊ လုံခြုံရေး ဆောင်ရွက်ရေး စသည်တို့အား မိမိတို့ တာဝန်ယူထားသည့် ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ ( ပြန်/ဆက်)