မိုင်းပန် မတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းပန်မြို့နယ်တွင် မတ်လအတွက် အငြိမ်းစားပင်စင်လစာငွေများကို ထုတ်ပေးရာတွင် လစဉ် (၂၁)ရက်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအတွင်း ဘဏ်ဖွင့်ရက်များတွင် သတ်မှတ်ထားသည့် နေ့ရက်များအလိုက် ထုတ်ပေးလျက်ရှိကြောင်း၊ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် မိုင်းပန်မြို့နယ်တွင် အငြိမ်းစားပင်စင်လစာငွေထုတ်ယူသူ (၃၀၃) ဦးရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ပင်စင်လစာလာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်းများကို သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း၊ သွေးတိုး/ဆီးချိုရောဂါများနှင့် အထွေထွေရောဂါများစစ်ဆေးပေးခဲ့ပြီး လိုအပ်သည့် ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်မှိုင်း(ပြန်/ဆက်)