ပြင်ဦးလွင် မတ် ၂၁
(၇၉) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ် နန္ဒာလမ်း နိုင်လွန်ကတ္တရာအဆင့်မြှင့်တင်ခြင်းလမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ်နှင့် ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်သည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြင်ဦးလွင်မြို့သည် အေးချမ်းသာယာသော တောင်ပေါ်မြို့ဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွားများ စိတ်ဝင်စားမှုရှိသော ခရီးသွားမြို့တော်တစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအဆင့်မီ မြို့ပြဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အား အခြေခံ၍ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြင်ဦးလွင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ၊ ဖြည့်စွက်ရန်ပုံငွေ၊ မန္တလေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ အရှည်ပေ ၆၇၀၀ ရှိသော နန္ဒာလမ်းအား နိုင်လွန်ကတ္တရာခင်းခြင်းအတွက် ငွေကျပ် (၉၁၂.၆၄၉) သန်းကို ခွင့်ပြုပေးခဲ့ကြောင်း၊ ပြင်ဦးလွင်မြို့ကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက် နှင့်အညီ Clean City , Green City ဖြစ်ပြီး နိုင်ငံတကာအဆင့်မီသည့် သာယာလှပသော မြို့ကြီးတစ်မြို့ဖြစ်စေရန် အခြေခံလိုအပ်ချက်များဖြစ်သည့် အရိပ်ရပင်များ၊ ပန်းအလှပင်များ၊ မြက်ခင်းများ စိုက်ပျိုးလျက် ရှိပြီး ပြင်ဦးလွင်မြို့အတွင်းဖြတ်သန်းစီးဆင်းနေသည့် ဂဲလောင်း ချောင်းအတွင်း ရေစီရေလာ ကောင်းမွန်စေရေးနှင့် အမှိုက်များပိတ်ဆို့မှုမရှိစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့နန္ဒာလမ်း နိုင်လွန်ကတ္တရာအဆင့်မြှင့်တင်ခြင်းလမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်လာသည့် မြို့နေပြည်သူများအနေဖြင့် ပြင်ဦးလွင်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်းကလမ်းနှင့် ဘဏ္ဍာရေးနှစ်လုပ်ငန်းများအား ရှင်းလင်းပြောကြားပြီး ပြင်ဦးလွင်မြို့ ဒေသခံရပ်မိရပ်ဖ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ နန္ဒာလမ်း နိုင်လွန် ကတ္တရာလမ်းအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ပြင်ဦးလွင် တပ်နယ်မှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ လမ်းဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခြင်းနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က နန္ဒာလမ်းနိုင်လွန်ကတ္တာလမ်းအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။
အဆိုပါ နန္ဒာလမ်းအား နိုင်လွန်ကတ္တရာခင်းခြင်းအတွက် ငွေကျပ် (၉၁၂.၆၄၉) သန်းဖြင့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ၂၀၂၄ ခုနှစ် မတ်လ ၅ ရက်နေ့အတွင်း လမ်းအရှည် ၆၇၀၀ ပေ၊ အကျယ် ၂၄ ပေရှိသည့် နိုင်လွန်ကတ္တာရာလမ်းအဖြစ် ပြင်ဦးလွင်မြို့နယ်စည်ပင် သာယာရေးအဖွဲ့က အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြူလူသစ် (ခရိုင်ပြန်/ဆက်)