မှော်ဘီ မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် တပ်ကြီးကုန်းကျေးရွာရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီး ပရဝဏ်အတွင်းတည်ထားကိုးကွယ်မည့် ဇမ္ဗူအေးမြို့ဦးစေတီတော်မြတ်ကြီး၏ ရွှေထီးတော်မြတ်ကြီးနှင့် အရံစေတီ (၁၆) ဆူအား ယမန်နေ့နံပိုင်းက မှော်ဘီမြို့ နယ်အတွင်းသို့ လှည့်လည်ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါစေတီတော်မြတ်ကြီးအား မှော်ဘီခရိုင် မှော်ဘီမြို့နယ် မြို့သူ၊ မြို့သား (၇) ရက်သားသမီးများ အန္တရာယ်ခပ်သိမ်း၊ ရောဂါခပ်သိမ်း ကင်းဝေးလျက် စီးပွားလာဘ်လာဘများ တိုးပွားစေရန်ရည်ရွယ်၍ ဇမ္ဗူအေးစေတီတော်မြတ်ကြီးနှင့်အရံစေတီ(၁၆)ဆူကို ကျေးဇူးတော်ရှင် အောင်ဇမ္ဗူတောရဓမ္မရိပ်သာကျောင်းတိုက်ဦးစီး ပဓာနနာယက (ဂျပန်ဘုရား)ဆရာတော်ကြီးမှ ဦးဆောင်၍ဗောဓိရိပ်ငြိမ်ဆရာတော် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ (ဂျပန်)ဘုရားဆရာတော်၏တပည့် ဒါယကာ၊ ဒါယကာမများ၏ လှူဒါန်းမှုဖြင့် (၂.၆.၂၀၂၃) ရက်နေ့တွင် အုပ်မြစ်ချစတင်တည်ထားခဲ့ကြောင်း သိရသည်။
လှည့်လည်ပူဇော်ရာတွင် မတ်လ (၂၀) ရက်နေ့မှ မတ်လ (၂၂) ရက်အထိ မှော်ဘီမြို့နယ်အတွင်းရှိ ပြည်လမ်းနှင့်လမ်းမကြီးများတစ်လျှောက် ရပ်ကွက်/ ကျေးရွာများအလိုက် လှည့်လည်ပူဇော်မည်ဖြစ်ပြီး စေတီတော်မြတ်ကြီးမှာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပုံတူဖြစ်ပြီး ဉာဏ်တော်အမြင့်မှာ (ပန်းတင်ခုံးအထက်) (၃၆) ပေ၊ အရံစေတီတော် (၁၆) ဆူ ဝန်းရံလျက်ရင်ပြင်တော် အလျား (၁၀၀) ပေ×အနံ (၇၆) ပေ အကျယ်အဝန်းဖြင့် ခန့်ငြားသပ္ပါယ်စွာ ကိန်းဝပ်စံပါယ်တော်မူလျက်ရှိပြီး (၂၄.၃.၂၀၂၄) ရက်နေ့တွင် စေတီတော်မြတ်ကြီးအထွဋ်သို့ ရွှေထီးတော်မြတ်ကြီး တင်လှူပူဇော်ပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)