နွားထိုးကြီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပ

နွားထိုးကြီး မတ် ၂၀

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့အတွင်းရှိ ရပ်ကွက်များတွင် ပြည်သူ့စစ်ထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးဆွေးနွေးပွဲကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအာကာကျော်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲမှူး ရဲမှူးမိုးဇော်ထွန်း၊ မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်တို့ တက်ရောက်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ ပြည်သူ့စစ်မှုထမ်း တို့၏ ခံစားခွင့်၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွေ့ဆိုင်းနိုင်သူများ အစရှိသည်များကို  ဆွေးနွေးအသိပညာပေးခဲ့သည်။

အလားတူ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲများ၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းအောင်ဇော်