မန္တလေး နိုဝင်ဘာ ၅
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးအဖြစ် ယာယီဖွင့်လှစ်ထားသော ပြည်ကြီး ရန်လုံရပ်ကွက်၊ အကွက် (၆၂)၊ ၁၆ လမ်းနှင့် ၈၆ လမ်းထောင့်ရှိ အမြောက်တန်း သစ်လွင်ဓမ္မာရုံတွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ဆန္ဒမဲလက်မှတ်များကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှမဲရုံများအလိုက် စိစစ် ထုတ်ပေးကြရာ သက်ဆိုင်ရာရပ်ကွက်များမှ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အုပ်ရေနှင့်ရွက်ရေ ပြည့်မပြည့်၊ စုတ်ပြဲခြင်းများ ရှိ၊ မရှိနှင့် အစွန်းအထင်းများ ပါရှိခြင်း ရှိ၊ မရှိ တို့ကို စစ်ဆေးကြပြီး လက်ခံရယူကြသည်။
အဆိုပါ ဆန္ဒမဲလက်မှတ်များ ထုတ်ပေးရာသို့မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ အတွင်းရေးမှူး ဒေါ်နှင်းနှင်းနှင့် မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ် ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အောင်မြေသာစံမြို့နယ်တွင် မဲရုံပေါင်း (၉၂) ရုံရှိပြီး မဲဆန္ဒရှင်ပေါင်း (၁၈၆၃၂၃) ဦးနှင့် ရှမ်း တိုင်းရင်းသား မဲဆန္ဒရှင်ပေါင်း (၁၁၄၂) ဦးရှိကာ အသက် (၆၀) နှစ်နှင့် အထက်ရှိ မဲဆန္ဒရှင်ပေါင်း (၂၅၈၀၂) ဦးရှိကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)