မိတ္ထီလာ မတ် ၂၁
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ အခြေခံပညာမူလတန်းဆင့်သင် (TOT) လုပ်ငန်းခွင်ဝင်စ ဆရာ/ဆရာမများ စွမ်းရည်မြင့်မားရေးခရိုင်အဆင့်သင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပို့ချကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ ခရိုင်အတွင်းရှိ လက်ထောက်မူလတန်းပြဆရာ/ဆရာမ သင်တန်းသား သင်တန်းသူ မိတ္ထီလာမြို့နယ်မှ ၂ဝ၉ ဦး ၊ မလှိုင်မြို့နယ်မှ ၁၆၃ ဦး ၊ ဝမ်းတွင်းမြို့နယ်မှ ၂၅၂ ဦးနှင့် သာစည်မြို့နယ်မှ ၂၁၉ ဦး စုစုပေါင်း ၈၄၃ ဦးတက်ရောက်သည်။ အဆိုပါသင်တန်းသား/သင်တန်းသူများအား မတ်လ ၂ဝ ရက်နေ့မှ ၂၃ ရက်နေ့အထိ နေ့စဉ်နံနက် ၉ နာရီအချိန်မှ ညနေ ၄ နာရီအချိန်ထိ သင်တန်းခန်း ၂၈ ခန်းခွဲ၍သင်တန်း နည်းပြ ၅၇ ဦးက သင်တန်းပို့ချခြင်းဖြစ်သည်။
အဆိုပါသင်တန်းအား အခြေခံပညာမူလတန်းဆင့်သင် လုပ်ငန်းခွင်ဝင်စ ဆရာဆရာမများအနေဖြင့် ဘာသာရပ်အလိုက် အခြေခံပညာမူလတန်းဆင့်ကို အရည်အသွေး ပြည့်ပြည့်ဝဝ ကျွမ်းကျွမ်းကျင်ကျင် သင်ကြားနိုင်စေရေး ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ် ကြောင်းသိရသည်။
ချမ်းသာ