စဉ့်ကိုင် မတ် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအဖွဲ့ နာယက ဦးသန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးသူငယ်များသည် စာသင်ခန်းတွင် ပညာသင်ကြားနေကြရမည့် အရွယ်ဖြစ်သော်လည်း စားဝတ်နေရေးအလို့ငှာ လုပ်ငန်းခွင်ထဲသို့ ရောက်ရှိနေကြရခြင်းမှာ ကလေးငယ်များ၏ အနာဂတ်ကိုသာမက နိုင်ငံတော်၏ အနာဂတ်ကိုပါ များစွာထိခိုက်နစ်နာစေသည့်အတွက် ကလေးအလုပ်သမားလျော့နည်း ပပျောက်စေရန်ရည်ရွယ်၍ ယခုလိုအသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဦးသန်းဝင်း (ပညာရေး)က အသက်(၁၄) နှစ်မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ ဆိုင်၊ အလုပ်ဌာန၊ အများပျော်ရွှင်ရေး အလုပ်ဌာနများတွင် လုပ်ခွင့်မပြုကြောင်းနှင့် အသက်(၁၄)နှစ် ပြည့်ပြီး အသက်(၁၈)နှစ်မပြည့်သေးသူကို အသက်မွေးဝမ်းကျောင်းသင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်း ဆရာဝန်၏ထောက်ခံချက်ဖြင့် အလုပ်လုပ်ခွင့်ပြုနိုင်ကြောင်းစသည့် ကလေးအလုပ်သမား၏ အသက်အရွယ်များနှင့် အလုပ်ချိန်ကန့်သတ်ချက်များကိုလည်းကောင်း၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်/စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)