ထန်းတပင်မြို့နယ်တွင် (Mobile Payment) အသုံးပြု၍ ချေးငွေထုတ်ချေးပေး

ရန်ကုန်(ထန်းတပင်) မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျွဲကူးကျေးရွာအုပ်စု မြောက်လွှတ်ကုန်းကျေးရွာတွင် Mobile Financial Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်း အစီအစဉ်ကို ယမန်နေ့က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြစိမ်းရောင်စီမံကိန်းကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဒီဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများကိုလက်လှမ်းမီစေရန်၊ အုပ်ချုပ်မှုဆိုင်ရာဝန်ထုတ်ဝန်ပိုးများကို လျော့ချနိုင်စေရန်၊ Mobile Financial Payment စနစ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ Mobile Phone အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ချေးငွေထုတ်ယူရာတွင်လည်းစိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း ဆောင်ရွက်သူစုစုပေါင်း (၉၅) ဦးတို့ကို ငွေကျပ်သိန်း(၄၀၀) ကို ချေးယူခဲ့ကြောင်း သိရသည်။

Mobile Phone အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ် ဆောင်ရွက်ပေးရာတွင်လည်း ဧရာဝတီဘဏ်မှတာဝန်ရှိသူများက လာရောက်ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်နှင့် ဝန်ထမ်းများမှ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)