ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနတွင် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် အစုအပေါ်အမြတ်ငွေများ ပေးအပ်

ကျောက်ဆည် မတ်   ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ၂၀၂၂-၂၀၂၃ ခုနှစ် အစုအပေါ်အမြတ်ငွေများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် သဘာပတိ ဦးကျော်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက သမဝါယမအသင်းဝင်များအနေဖြင့် သမဝါယမဦးစီးဌာန၏ မူဝါဒများလိုက်နာကျင့်သုံးပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ စည်းကမ်း၊ ညွှန်ကြားချက်များ လိုက်နာကြရန်လိုကြောင်း၊ သမဝါယမအသင်းလုပ်ငန်းများ အကျိုးစီးပွားအတွက် အသင်းမှပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရန်လိုကြောင်း အမှစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးထွန်းလှိုင်က သမဝါယမ လုပ်ငန်းများ လုပ်ဆောင်ရာတွင် ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ အောင်မြင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံတကာမှ ချေးငွေများ ရယူထားခြင်းနှင့် ပြန်လည်ပေးဆပ်နေမှုများအကြောင်း၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ထွန်းဦးက မြို့နယ်သမဝါယမဦးစီးဌာမှ ဆောင်ရွက်လျက်ရှိသာ လုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဌေးက ထနောင်ပင်လှကျေးရွာ စိုက်ပျိုးရေးနှင့်အထွေထွေရောင်းဝယ်ရေးအသင်းဥက္ကဌ ဦးတင်ဝင်းလှိုင်ထံသို့ ၂၀၂၂-၂၀၂၃ ခုနှစ် အစုအပေါ်အမြတ်ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက်ကျောက်ဆည်မြို့နယ်သမဝါယမအသင်းစုအတွင်းရေးမှူး ဦးကြည်စိုးက ကျောက်ဆည် မြို့နယ် သမဝါယမအသင်းစုလီမိတက်မှ ဗဟိုသမဝါယမအသင်းနှင့် မန္တလေးတိုင်းဒေသကြီး သမဝါယမ အသင်းစုချုပ်ထံသို့ ပေးပို့သော ပေးသွင်းရန်ကျန်ငွေများ ပေးသွင်းနိုင်ရေး ဆောင်ရွက်မည့် အမှုဆောင် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီအရင်ခံစာကို ဖတ်ကြားခဲ့ပြီး သဘာပတိဦးကျော်သန်းက အခြေခံသမဝါယမ အသင်းဝင်ကိုယ်စားလှယ်များထံမှ သဘောထားဆန္ဒများရယူခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)