တာချီလိတ်မြို့၌ ရွေးကောက်ပွဲ လုံခြုံရေးအထူးရဲများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းအကြောင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်အကြောင်း ပညာပေးဟောပြော

တာချီလိတ် နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် အထူးရွေးချယ်လေ့ကျင့်ထားသော အထူးရဲများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် ပြစ်မှုနှင့်ပြစ်ဒဏ်အကြောင်းများ ဟောပြောပို့ချခြင်း အခမ်းအနားကို အောင်မြတ်ခန်းမ၌ ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲနိုင်အောင်မှ အဖွင့်အမှာစကားကို ပြောကြားခဲ့သည်။

ဆက်လက်၍ တာချီလိတ်ခရိုင် အမှတ်(၁၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး အောင်ကျော်ဇေယျနှင့် တပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်ပတ်သက်၍ ဟောပြောခြင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း ဟောပြောခြင်း၊ ဆွေးနွေခြင်းများ ပြုလုပ်ခဲ့ကြပြီး အသိပညာပေးစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အထူးရွေးချယ်လေ့ကျင့်ထားသော မဲရုံလုံခြုံရေးအထူးရဲ ၇၄ ဦးကို တစ်လတာ လေ့ကျင့်ပေးထားပြီး တာချီလိတ်မြို့နယ်တွင် မဲရုံပေါင်း ၇၀ ရှိကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)