ရမည်းသင်း မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်လျက်ရှိသည့် မော်ဒန်ပန်းချီရေးဆွဲနည်းသင်တန်းမှ သင်တန်းသားများသည် ယမန်နေ့ နံနက် ၉ နာရီက ရမည်းသင်းမြို့ ကန်သစ်ပန်းခြံတွင် သဘာဝရှုခင်းပုံများ ရေးဆွဲနည်း သင်ခန်းစာကို လက်တွေ့ကွင်းဆင်း ရေးဆွဲခဲ့ကြသည်။
ရမည်သင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီအားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိသည်။
ယခုဖွင့်လှစ်လျက်ရှိသည့် မော်ဒန်ပန်းချီရေးဆွဲနည်းသင်တန်းကို မတ် ၄ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပန်းချီဆရာ ဦးအောင်စိုးနှင့် ဦးအောင်မင်းတို့က အလင်း၊ အမှောင်၊ အကွာ၊ အဝေး၊ အနိမ့်၊ အမြင့်တို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ သင်တန်းသား/သူများ၏ အရည်အချင်းကို စစ်ဆေးနိုင်ရန် သဘာဝရှုခင်း ရေးဆွဲခြင်းကို ကန်သစ်ပန်းခြံတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းကို ရက်သတ္တပတ်၃ ပတ်ကြာ သင်ကြားခဲ့ရာ အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၄)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်