ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

မြစ်ကြီးနား မတ် ၂၀

ကချင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ (၂/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းမှုကျင့်သုံးမှုအပေါ် ဥပဒေဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးခြင်းကို အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးနှင့် အခြေအနေမှန်သိရှိအောင် နည်းမျိုးစုံဖြင့် ချပြရှင်းလင်းပေးကြရေး၊ သို့ဖြစ်ပါ၍ ခရိုင်/ မြို့နယ်အဖွဲ့များအနေဖြင့် လုပ်ဆောင်ရမည့် တာဝန်များအား သိရှိနားလည်ထားကြရေးနှင့် စနစ်တတကျ စီမံချက်ရေးဆွဲလုပ်ဆောင်ကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်နှင့် ခရိုင်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့ဝင်များက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ စာရင်း ကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ခရိုင်များအလိုက် Working Group များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သုံးသပ်အကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ်ရှိ Manau (မနောင်) Business Tower အဆောက်အအုံအတွင်း အသစ်ဖွင့်လှစ်သည့် UAB ဘဏ်လီမိတက်၏ (၈၆)ခု မြောက်ဘဏ်ခွဲသစ် ဖွင့်ပွဲသို့တက်ရောက်ပြီး ဘဏ်သစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ဘဏ်သစ်ဘုတ် အဖွဲ့ဝင် ဦးဝင်းထိန်မင်းနှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ဘဏ်ခွဲသစ် ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က UAB ဘဏ်လီမိတက်အနေဖြင့် မြစ်ကြီးနားမြို့၌ ယခုလို ဘဏ်ခွဲဖွင့်လှစ်သည့်အတွက် ဘဏ်လုပ်ငန်း စနစ်ပိုမိုတိုးချဲ့၍ ကောင်းမွန်စွာလည်ပတ်နိုင်ရန် အင်အားတစ်ရပ် ထပ်မံရရှိခြင်းဖြစ်ပါကြောင်း၊ ဒါ့အပြင် ဝန်ဆောင်မှုများစွာဖြင့် ဘဏ်၏ လုပ်ငန်းစနစ်သည် အများပြည်သူကြိုက်နှစ်သက်သည့် ဘဏ်စနစ်မျိုး၊ ခိုင်မာမှန်ကန်သည့် ဘဏ်လုပ်ငန်းစနစ်တစ်ခုဖြစ်သည့်အပြင် ဒေသခံလူထု၏ အကျိုးစီးပွားနှင့် လူမှုစီးပွားဘဝ တိုးတက်ဖွံ့ဖြိုးအောင် ဘဏ်လုပ်ငန်းစနစ်ဖြင့် ကြိုးစာ ဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဘုတ်အဖွဲ့ဝင် ဦးဝင်းထိန်မင်းက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဘဏ် လုပ်ငန်းပိုင်းဆိုင်ရာခေါင်းဆောင်ဖြစ်သည့် ဦးဌေးကျော်နိုင်က UAB ဘဏ်၏ ဝန်ဆောင်မှုများနှင့် ဘဏ်လုပ်ငန်းစနစ်အကြောင်း မိတ်ဆက်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ဘဏ်လုပ်ငန်းစနစ် ဝန်ဆောင်မှုလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)