တာချီလိတ်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

တာချီလိတ် နိုဝင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အမှတ်(၁၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ခြင်းနှင့် (Mask)များ ဖြန့်ဝေပေးခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယမန်နေ့က တာချီလိတ်မြို့အဝင် ဟောင်လိတ်မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်ကျော်ဇေယျ ဦးစီးပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တို့သည် ခရီးသွားပြည်သူများအား မော်တော်ယာဉ်များကို ရပ်တန့်စေလျက် ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေသစ်များနှင့် ပတ်သက်၍ ရှင်းလင်းခြင်း၊ မော်တော်ဆိုင်ကယ်များကို နေ့/ညမရွေး အောက်မီးကိုဖွင့်၍ မောင်းနှင်စေခြင်း၊ ဆိုင်ကယ်စီးနင်းတိုင်း ဆိုင်ကယ်စီးဦးထုတ်မေးသိုင်းကြိုး တပ်ဆင်မောင်းနှင်ရန်၊ နှစ်ဦးထက် စီးနင်းခြင်းမပြုရန်၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်သူများ အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်ကြရန်နှင့် အုတ်/သဲ/ကျောက်သယ်သည့်ကားများ အမိုးအကာလုံခြုံစွာ ဖုံးအုပ်ပြီး အရှိန်မြှင့်တင် မောင်းနှင်ခြင်းမပြုရန်၊ ယာဉ်မောင်းလိုင်စင်ကို မိမိနှင့်တစ်ပါတည်း ယူဆောင်မောင်းနှင်ကြရန် စသည့်အသိပညာပေး ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ နှာခေါင်းစည်း(Mask)များဖြန့်ဝေပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ပေးဝေခြင်းများကို လုပ်ဆောင်ခဲ့ကြရာ မော်တော်ယာဉ်(၉၈)စီး၊ မော်တော်ဆိုင်ကယ်(၅၈)စီးမှ ပြည်သူစုစုပေါင်း(၁၅၆)ဦးကို အသိပညာပေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)