နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့မှ ဇမ္ဗူသီရိမြို့နယ်၊ မစိုးရိမ်တိုက်သစ်သို့ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်း

ဇမ္ဗူသီရိ မတ် ၂၀

နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့မှ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မစိုးရိမ်တိုက်သစ်၌ ကျင်းပသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ် ရွတ်ဆိုကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် ပဓါနနာယကဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်သီတာဇင်နှင့် နေပြည်တော်ကောင်စီဝင်တို့၏ ဇနီးများ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ် ပဓါနနာယက ဆရာတော်၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဓမ္မထံ နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တို့မှ လှူဒါန်းသည့် လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီး ဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များ၏ ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဌာနကြီးမှူးများ၏ ဇနီးများက ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)