ပညာရေးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနပူးပေါင်း၍ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ ရက်တိုသင်တန်းဖွင့်လှစ်

ကျောက်ပန်းတောင်း မတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ ရက်တိုသင်တန်းဖွင့်ပွဲကို မတ်လ(၁၈)ရက်နေ့ နံနက်(၉)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို ကျောင်းကျန်းမာရေး စစ်ဆေးချိန်တွင် ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီအတွက် ကျန်းမာရေး စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းတင်ထားရန်၊ ကျောင်းသားမိဘများ၊ အုပ်ထိန်းသူများနှင့်ဆရာ/ဆရာမတို့က မိမိကျောင်းရှိ ကျောင်းသားကလေးများတွင် အဖြစ်များသောရောဂါ ကျန်းမာရေးပြသနာများကို ဖော်ထုတ်သိရှိနိုင်စေရန်၊ မိဘများသို့ အသိပေးခြင်း၊  အချိန်မီလွှဲပြောင်းကုသခြင်း၊ ကျန်းမာရေးဌာနနှင့်ချိတ်ဆက်၍ လိုအပ်သည့် စောင့်ရှောက်မှုများကို ရယူရန်၊ မိဘ၊ ဆရာနှင့် ကျောင်းသား/သူများက ကျန်းမာရေးကို ပိုမိုစိတ်ပါဝင်စားလာစေရန်၊ ကျောင်းကျန်းမာရေး ဆိုင်ရာ လုပ်ငန်းရပ်များကို မိဘများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရပြီး ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ကျောင်းသား/ကျောင်းသူ တစ်ဦးချင်းစီအတွက် ကျန်းမာရေး စစ်ဆေးတွေ့ရှိချက်များကို စနစ်တကျ မှတ်တမ်းပြုစုထားနိုင်ရန် ယခုလို ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ ရက်တိုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် ရက်တိုသင်တန်းဖြစ်သော်လည်း ကျွမ်းကျင်သည့် သင်တန်းနည်းပြများ၏ ရှင်းလင်းဆွေးနွေးမှုများကို သေချာစွာလေ့လာမှတ်သားသွားကြရန် ပြောကြားသည်။ ယင်းနောက် ပညာရေးဌာနမှ နည်းပြများဖြစ်သည့် လက်ထောက်ပညာရေးမှူး ဒေါ်ခိုင်မိုးထွေးနှင့် ဒေါ်မာမာ၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျောင်းကျန်းမာရေးမှ သူနာပြုများဖြစ်သည့် ဒေါ်ချိုချိုစံနှင့် ဒေါ်တင်တင်ဌေးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးကြသည်။

အဆိုပါ သင်တန်းကို ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၈၃)ကျောင်းမှ တစ်ကျောင်းလျှင် ဆရာ/ဆရာမ(၂)ဦးနှုန်းဖြင့်(၅၆၆)ဦး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း(၇)ကျောင်းမှ (၁၄)ဦး စုစုပေါင်းဆရာ/ဆရာ မ(၅၈၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ မတ်လ(၁၈)ရက်မှ (၁၉)ရက်အထိ (၂)ရက်ဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)