လှည်းကူး မတ် ၂၀
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီတို့ကလှူဒါန်းသည့် စာအုပ်စာစာစောင်များအား ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက် (၄) တိုက်တို့အား ပြန်လည်၍ ပေးအပ်လှူဒါန်းပေးခြင်းအခမ်းအနားနှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော် မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် လှည်းကူးမြို့နယ်စာကြည့်တိုက် ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က အမှာစကားများပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က စာအုပ်လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများနှင့် စာကြည့်တိုက် (၄) တိုက်တို့မှ တာဝန်ခံများက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များကြီးကြပ်ရေးကော်မတီမှ လှူဒါန်းထားသည့် စာအုပ်များကို မြို့နယ်စာကြည့်တိုက်များကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့နှင့် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက ကျွန်းကလေးကျေးရွာ ဘဝအလင်းအိမ် စာကြည့်တိုက်၊ ကပျဥ်ရိုးကျေးရွာ ပညာ့အလင်းစာကြည့်တိုက်၊ အုန်းနှဲကုန်း ကျေးရွာ ပညာ့အလင်းစာကြည့်တိုက်နှင့် ကလီထော်အရှေ့ကျေးရွာ အလင်းရောင် စာကြည့်တိုက်တို့မှတာဝန်ရှိသူများထံသို့ ပြန်လည်၍ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရပြီး ကော်မတီအဖွဲ့ဝင်များနှင့် စာကြည့်တိုက်တာဝန်ခံများတို့က မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းလည်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)