မတ္တရာမြို့နယ်၌ မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မတ္တရာ နိုင်ဝင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ပြင်ဦးလွင်ခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ​ဒေါက်တာမောင်မောင်စိုးမှ မြို့နယ်အတွင်းရှိ သားစပ်နိုင်သည့် နွားမကောင်ရေ၏ (၁၀) ရာခိုင်နှုန်းကို မေထုန်မဲ့ သားစပ်နည်းဖြင့် ဆောင်ရွက်နိုင်ရန်နှင့် လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်ရန်အတွက် တက်ရောက်လာကြသည့် မတ္တရာမြို့နယ်အတွင်းရှိ ပြည်ပသို့ ကျွဲ၊ နွားများ တင်ပို့သည့်ကုမ္ပဏီများ၊ တိရိစ္ဆာန်ကျန်းမာရေး လုပ်သားများအားဆွေးနွေး၍ အသိပညာဟောပြော ခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါက်တာ သန်းထွန်းဦးမှ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်နိုင်ရန်အတွက် ဌာနမှဝန်ထမ်းများ နှင့် ကျေးရွာများမှ တိရစ္ဆာန်ကျန်းမာရေးလုပ်သားများ ပူးပေါင်းဆောင်ရွက်သွားကြရန်ဖြင့် ပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ပြည်ပသို့ ကျွဲ၊ နွားများ တင်ပို့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများ၊  တိရစ္ဆာန်ကျန်းမာရေး လုပ်သားများတက်ရောက်ခဲ့ကြသည်။ မတ္တရာမြို့နယ်တွင် ဒေသနွားမ ကောင်ရေ (၂၉၉၃၀) ကောင်ရှိပြီး အဆိုပါ နွားမကောင်ရေ၏ (၁၀) ရာခိုင်နှုန်းဖြစ်သည့် (၂၉၃၀) ကောင်အား မေထုန်မဲ့သားစပ်နည်းဖြင့် သားစပ်ပေးသွားမည်ဖြစ်သည်။ မေထုန်မဲ့သားစပ်နည်း အသိပညာပေး လုပ်ငန်းများကို ကျေးရွာများ၌ တစ်လလျှင် (၈) ကြိမ်နှုန်းဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)