နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး

ပုဗ္ဗသီရိ မတ် ၂၀

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးသူအောင်၊ ခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူး၊  ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး သန်းနိုင်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲနှင့် ၂၀၂၄ ခုနှစ် အခြေခံမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ/ဆရာမများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးပွဲများ တက်ရောက်၍ ကြည့်ရှုအားပေးခဲ့သည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင်  နွေရာသီကျောင်းပိတ်ရက်များတွင် ကလေးများ၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ ယဉ်ကျေးလိမ္မာသော ကလေးများ၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားများကို ရိုသေလေးစားသော ကလေးများ၊ လူမှုနယ်ပယ်တွင် ကိုယ်ကျင့်တရားကောင်းမွန်စေရေး၊ (၃၈) ဖြာ မင်္ဂလာတရားတော်များကို သိရှိနားလည်နိုင်စေရေး၊ ဘာသာတရားမြတ်နိုးတန်ဖိုးထားတက်စေရေး၊ ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်လူရွယ်များဖြစ်လာစေရေး တိုက်တွန်းပြောကြားခဲ့ကာ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် (၃၈)ဖြာမင်္ဂလာဗုဒ္ဓဝင် ၊ ဘုရားရှိခိုးစာအုပ်(၂၀၀)အုပ်အား ပေးအပ်ခဲ့ပြီး ၂၀၂၄ခုနှစ် အခြေခံမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ/ဆရာမများ လုပ်ငန်းစွမ်းဆောင် ရည် မြင့်မားရေးဆွေးနွေးပွဲ တက်ရောက်နေသည့် ဆရာ/ဆရာမများအား လှည့်လည်ကြည့်ရှု၍ အားပေးခဲ့‌ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)