ကျိုက်မရော မတ် ၂၀
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ဒေသထွက် ယိုးဒယားဒူးရင်းသီးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းသီးခြံပိုင်ရှင်များ ပေါ်ဦးပေါ်ဖြား စျေးကောင်းရရှိနေသဖြင့် ဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
ယခုနှစ်၌ ကျိုက်မရောမြို့ ကလိုင်းကနိုင်အပေါ်ရွာ ဒူးရင်းခြံများတွင် သင်္ကြန်အမီယိုးဒယား ကိုင်းဆက်မျိုးအသီးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ပထမအသီးပေါ်ချိန်၌ ဒူးရင်းသီးများ အလွန်စျေးကောင်းရကြောင်း ယိုးဒယားမျိုးဆိုအချိုစူး၍ အသားလည်းထူပြီး အစေ့လည်းသေးသဖြင့်လူကြိုက်များကြောင်း အပင်မှအသီးစတင်ထွက်ရှိချိန်မှစတင်၍ အပင်ချုပ်ဝယ်လိုအားကောင်းနေပြီး အချို့ကအပင်ချုပ်၍မရောင်းပဲ အသီးအရွယ်အစားအလိုက် စျေးကောင်း ရမှသာရောင်းချလေ့ရှိပြီး ယခုလိုပေါ်ကာစတွင် ဒူးရင်းသီး အကြီးတစ်လုံးကို အနည်းဆုံးသုံးသောင်းထိရပြီးအလုံးအသေးက နှစ်သောင်းကျပ်မှ နှစ်သောင်းခွဲအထိရရှိကြောင်း ဗမာဒူးရင်းသီးမျိုးက နောက်ကျပြီးစျေးနှုန်းကတော့ ယိုးဒယားသီးလောက်စျေးမရပဲ တစ်လုံးကိုအကြီးဆို တစ်သောင်းမှ ခုနှစ်ထောင်ကျပ်ထိသာရသဖြင့် ဒူးရင်းသီး စိုက်သူများအနေဖြင့် ယိုးဒယားမျိုးများကို စီးပွားဖြစ်ပိုမိုစိုက်ပျိုးလာကြကြောင်း ဒူးရင်းသီးပင်သည် နှစ်ရှည်သီးနှံပင် ဖြစ်ကာစတင်စိုက်ပျိုးချိန်မှ ငါးနှစ်ကြာလျှင် အသီးများလှိုင်လှိုင်သီးကြပြီး ဒူးရင်းသီး တစ်ပင်နှင့်တစ်ပင်ကို ဆယ်ပေခြားစီ စိုက်ပျိုးရကြောင်း ဒူးရင်းခြံပိုင်ရှင် ဦးစောမြဦးကပြောသည်။
ဒူးရင်းသီးတစ်ကြိမ် ခူးလျှင် အလုံးခြောက်ဆယ်မှတစ်ရာထိခူးရပြီး ဒူးရင်းသီးကြွေချိန်ဆိုလျှင် ခြံပိုင်ရှင်များအနေဖြင့် မိသားစုဝင်ငွေတိုးကာအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)