ရန်ကုန် မတ်၂၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ်များ မြင့်မားလာစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး မြင့်မားစေရန်နှင့် စာဖတ်ရှိန် မြင့်မားစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းက ပြိုင်ပွဲများကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေး စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် စာဖတ်စွမ်းရည်၊ မြန်မာစာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည် ပြိုင်ပွဲများကို အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုများ ရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)