ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့ သုံးခွမြို့နယ်ရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများအား လာရောက်ကြည့်ရှုစစ်ဆေး

သုံးခွ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေနေများကို ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ရှောင်လမ်းတည်ဆောက်ခြင်းလုပ်ငန်း၊ တည်ဆောက်မည့် လမ်းဒီဇိုင်းများအား သွားရောက်ကြည့်ရှုခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီဌာန လမ်းအထူးအဖွဲ့ (၁၄) မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ကိုဦး (မြို့ပြ) က ပဲခူး-သနပ္ပင် -ခရမ်း-သုံးခွ-သန်လျင်လမ်းမိုင် (၄၄/၄/-၄၉/၁) အတွင်းရှိ သုံးခွမြို့ရှောင်လမ်းမိုင် (၀/၀-၅/၀)၊ (၅)မိုင်အညွှန်းပြမြေပုံနှင့် မြို့ရှောင်လမ်းဒီဇိုင်းများအား Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ်မှလိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သုံးခွအနောက်ကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံကာ Seeder (တိုက်ရိုက်မျိုးစေ့ချကိရိယာ) အသုံးပြု၍ စပါးစိုက်ပျိုးခြင်းဖြင့် ကုန်ကျစရိတ်သက်သာခြင်း၊ အသုံးပြုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ပြောကြားပြီး ပဲတီစိမ်းခူးဆွတ်ရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။

ဆက်လက်၍ သုံးခွမြို့ရှောင်လမ်းပေါ်ရှိ သုံးခွအနောက် ပေ ၈၀ တံတားတည်ဆောက်နေမှု၊ လက်ပန်ကျိုး-အောင်သာဒါန်းလမ်းမပေါ်ရှိ ကွန်ကရစ်လမ်းထပ်ပိုးလွှာခင်းခြင်းနှင့် ပဒတ္ထိုင်းတံတားတည်ဆောက်နေမှုများအား သွား ရောက်ကြည့်ရှု့၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ကုတင် (၅၀) ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသခံယူနေသော လူနာများအား သွားရောက်အားပေးကာ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း