ညောင်ဦး မတ် ၁၈
ပုံးရည်ကြီးသည် ပုဂံညောင်ဦးဒေသထွက်ထုတ်ကုန်တစ်ခုဖြစ်သည့်အပြင် ဒေသတခု ထုတ်ကုန်တစ်ခုတွင် ပါဝင်သော ထုတ်ကုန်အမျိုးအစားဖြစ်သည်။
ဒေသခံပြည်သူများက ဟင်းလျာတစ်ခုအဖြစ် စားသုံးလေ့ရှိသည့်အပြင် ခရီးသွားဧည့်သည်များ အနေဖြင့် ပုဂံလက်ဆောင်အဖြစ်ဝယ်ယူလေ့ရှိသည့် စားသောက်ကုန်တစ်ခုလည်းဖြစ်သည်။ ပုံးရည်ထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်ကောင်းမွန်အောင်မြင်စေရန်အတွက် မတ် ၁၈ ရက်၊ နံနက် ၉ နာရီအချိန်တွင် ညောင်ဦးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဦးစီး၍ ညောင်ဦးခရိုင်အတွင်းရှိ ပုံးရည်ကြီးထုတ်လုပ်သည့် လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ပုံးရည်ကြီးထုတ်ကုန် အရည်အသွေးမြှင့်တင်နိုင်ရေး ဆွေးနွေးပွဲကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီတာထွန်းက ပုံးရည်ကြီးထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်အောင်မြင်စေရန်အတွက် ပုံးရည်ကြီးထုတ်လုပ်သူ လုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေလိုက်နာရမည့် အခြေခံမူများဖြစ်သည့် ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဥ် (good manufacturing practice) ကို လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း၊ မိမိတို့ထုတ်ကုန်ပစ္စည်းများ အများပြည်သူ ယုံကြည်စိတ်ချစွာစားသုံးနိုင်ရန်အတွက် ထုတ်ကုန်အရည်အသွေးကို သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ ထုတ်လုပ်ကြရမည်ဖြစ်ကာ ပုံးရည်ကြီးသည် စားသောက်ကုန်ဖြစ်သည့်အတွက် မှိုမတက်စေရန်နှင့်တာရှည်ခံစေရန်အတွက် တာရှည်ခံဆေးများ သုံးစွဲခွင့်ရှိသော်လည်း နိုင်ငံတကာလက်ခံကျင့်သုံးသည့် codex စနစ်အရ သတ်မှတ်ပမာဏထက် ကျော်လွန်သုံးစွဲ၍ မရကြောင်း၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေရေး ကုန်ချောသာမက ကုန်ကြမ်းအရည်အသွေးကိုလည်း အလေးထားရန်လိုအပ်ပြီး အန္တရာယ်ကင်းသည့် ထုပ်ပိုးပစ္စည်းများ အသုံးပြုရမည်ဖြစ်ကြောင်း၊ စားသုံးသူများ ဘေးဥပါဒ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများ အန္တရာယ်ရှိ အဏုဇီဝပိုးများနှင့် အစားအသောက်တွင် မပါဝင်သင့်သည့် ပစ္စည်းများ ပါဝင်ခြင်းမရှိစေရေး စနစ်တကျ ထုတ်လုပ်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးက ဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်များကို ဆက်လက်ဆွေးနွေးခဲ့ရာ တက်ရောက်လာသည့်လုပ်ငန်းရှင်များက သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါဆွေးနွေးပွဲသို့ ဒေသအတွင်းရှိ ပုံးရည်ကြီးလုပ်ငန်းရှင် (၅၀) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း