တံတားဦး မတ် ၁၈
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် ကျေးလက်လမ်းဦးစီးဌာနမှ ဦးဆောင်ပြီး ဆောင်ရွက်သည့် တံတားဦးမြို့နယ် ပြူကန်-မြို့သာလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်းဦးစီးဌာနမှသိရသည်။
အဆိုပါလမ်းသည် ယခင်က မြေသားလမ်းဖြစ်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် နွေရာသီတွင် ဖုန်များ၊ သဲများ၊ မိုးရာသီတွင် ရွံ့ဗွက်များကြားတွင် သွားလာနေရပြီး ယခုအခါ မြေးသားလမ်းအဆင့်မှ ကတ္တရာလမ်းခင်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးလုပ်ငန်းများတွင် များစွာ အထောက်အကူပြုသကဲ့သို့ ကုန်စည်စီးဆင်းမှုအတွက်လည်း အလွယ်တကူ မြန်ဆန်သွားပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ မြို့နယ်လမ်းဦးစီးမှူး ဒေါ်သန္တာဝင်းက ပြောသည်။
ပြူကန်-မြို့သာလမ်းသည် လမ်းအရှည်(၄)မိုင်၊ အကျယ်(၁၂)ပေ၊ အမြင့်(၁၅)လက်မရှိပြီး မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေကျပ် (၁၃၄၂.၂)သန်းဖြင့် ဇာဒိတ်ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)