လားရှိုး မတ် ၂၀
အောက်တိုဘာ နောက်ဆုံးပတ်မှစတင်ကာ ရပ်နားထားခဲ့ရသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးလေဆိပ်ရှိ လေကြောင်းခရီးစဉ်များ ယမန်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
မတ်လ ၁၉ ရက်နေ့တွင် စတင်ပျံသန်းပြေးဆွဲသည့် MAI & Mingalar လေကြောင်းခရီးစဉ်မှာ ရန်ကုန် - လားရှိုး၊ လားရှိုး - ရန်ကုန် ခရီးစဉ်ဖြစ်ပြီး ရန်ကုန်မှ ထွက်ခွာလာသော လေယာဉ်သည် လားရှိုးလေဆိပ်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်လာခဲ့ကာ လားရှိုးမှ ရန်ကုန်သို့ ၄ နာရီ ၃၅ မိနစ်တွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
လားရှိုးလေဆိပ်မှ လေကြောင်းခရီးစဉ်များအနေဖြင့် မတ်လ ၂၀ ရက်နေ့တွင် မန္တလေး - လားရှိုး ၊ လားရှိုး - မန္တလေးခရီးစဉ် ၊ မတ်လ ၂၂ ရက်နေ့တွင် တာချီလိတ်-လားရှိုး၊ လားရှိုး -တာချီလိတ် ခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ လေယာဉ်လက်မှတ် အရောင်းဌာနများက ထုတ်ပြန်ကြော်ငြာထားသည်ကို တွေ့ရသည်။
ယခင်က လားရှိုးလေဆိပ်မှ သွားရောက်နိုင်သည့် လေကြောင်းခရီးစဉ်များမှ လားရှိုး - ဟဲဟိုး၊ ရန်ကုန်၊ မန္တလေး၊ တာချီလိတ်၊ မြစ်ကြီးနားခရီးစဉ်များဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)