ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြစ်ကြီးနားတင်းနစ်ကလပ် အဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် နွေရာသီလူငယ် တင်းနစ်သင်တန်းနှင့် ကလပ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား မတ် ၁၉

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ပြည်နယ်၏ တင်းနစ် အားကစားဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးခဲ့သည့် မြစ်ကြီးနားတင်းနစ်ကလပ် အဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် နွေရာသီ လူငယ်တင်းနစ်သင်တန်း၊ ကလပ်ပေါင်းစုံ တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားများအား မတ် ၁၉ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် မြစ်ကြီးနားမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန် ယူဆောင်ရွက်ပေးခဲ့သည့် မြစ်ကြီးနားတင်းနစ်ကလပ်အဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက် ကြသည်။

အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက ကတ္တရာ လမ်းသစ် ဆောင်ရွက်ခဲ့မှုနှင့် စည်ပင်သာယာရေးအဖွဲ့၏ လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း များဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြစ်ကြီးနားတင်းနစ်ကလပ်အသင်း နာယက ဦးအောင်နိုင်က ကလပ်အတွင်း ကတ္တရာလမ်းသစ်ရရှိသည့်အတွက် ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ တက္တရာလမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းနှင့် ကလပ်အသင်းနာယကတို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ဘင်ခရာတပ်ဖွဲ့ဝင်များ၏ဦး‌ဆောင်မှုဖြင့် လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လမ်းဖွင့်ပွဲတွင် ပါဝင်ကူညီခဲ့သည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များနှင့် ဘင်ခရာအဖွဲ့တို့အတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် တင်းနစ်ကွင်းအတွင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ် တင်းနစ်ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ကချင်ပြည်နယ် နွေရာသီလူငယ် တင်းနစ်(အခမဲ့)သင်တန်းဖွင့်ပွဲနှင့် မြို့နယ်များမှ ကလပ်ပေါင်းစုံ အသင်းလိုက်တင်းနစ်ပြိုင်ပွဲ အခမ်း အနားကို ဆက်လက်ကျင်းပ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒီကနေ့ဖွင့်လှစ်သည့် နွေရာသီလူငယ်တင်းနစ် သင်တန်းသည် မြစ်ကြီးနားတင်းနစ်ကလပ်တွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီ သင်တန်းများအနက် သင်တန်းသားအင်အား (၅၀)နီးပါး တက်ရောက်ခဲ့သဖြင့် အင်အားအများဆုံး လေ့ကျင့်ပေးနိုင်သည့် သင်တန်းတစ်ခုအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းမှ လူငယ်သင်တန်းသားများကို အရည်အချင်းပြည့်မီသည့် မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေး အတွက် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်သကဲ့သို့ ပြိုင်ပွဲများ မကြာခဏ ကျင်းပပြုလုပ်ပေးခြင်း ဖြင့် တင်းနစ်အားကစားနည်းဖြင့် ပြည်နယ်ဂုဏ်ကို မြှင့်တင်နိုင်သည့် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွန်းလာရေးအတွက် ကြိုးစား ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တင်းနစ်ကလပ်က တာဝန်ရှိ သူများက ပြိုင်ပွဲဝင် တင်းနစ်ကလပ်များမှ အားကစားသမားများနှင့် သင်တန်းသား/သင်တန်းသူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုူတ်ဆက်အားပေးခဲ့ကြပြီး မြစ်ကြီးနားတင်းနစ်ကလပ်အတွက် ထောက်ပံ့ ငွေကျပ် ၄၆ သိန်းကို ထောက်ပံ့ပေးအပ်ကာ မြို့နယ်များမှ တင်းနစ်ကလပ်များ၏ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)