ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံရှေးဦး သူနာပြုစုနည်း (မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင် မတ် ၁၉

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံရှေးဦး သူနာပြုစုနည်း (မွမ်းမံ) သင်တန်းကို မတ်လ (၁၅) ရက်နေ့မှ မတ်လ (၁၇) ရက်နေ့အထိ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီအထိ သုံးရက်ကြာဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲအခမ်းအနားတွင်  မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်သင်းက  သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပြင်ဦးလွင်မြို့နယ်ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးသို့ အခြေခံရှေးဦးသူနာပြုစုနည်း (မွမ်းမံ)သင်တန်းမှ သင်တန်းသား/သင်တန်းသူများ၊ သင်တန်းနည်းပြဆရာ/ဆရာမများနှင့် တာဝန်ရှိသူများက သွားရောက်လေ့လာခဲ့ကြသည်။

ထိုသို့ လေ့လာရာတွင် ခုတင် (၃၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများ၊ ဆရာဝန်/သူနာပြုများက ဆေးရုံ၏ သမိုင်းကြောင်း၊ ပြင်ပလူနာဌာန၊ ဖျားနာကုသဆောင်၊ သွေးဌာန၊ အရိုး အကြောဌာနများတွင် ပြည်သူများကျန်းမာရေးအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားမှုများအပေါ် သင်တန်းသား/သင်တန်းသူများက ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါအခြေခံရှေးဦးသူနာပြုစုနည်း (မွမ်းမံ)သင်တန်းကို ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီအသင်း၏ ဦးဆောင်မှုဖြင့် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)တို့က ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင်   အစိုးရ စက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်)မှ ကျောင်းသား/ကျောင်းသူ (၂၅)ဦး တက်ရောက် သင်ကြားခဲ့ကြသည်။

သင်တန်းတွင် ရှေးဦးသူနာပြုစုနည်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား အရေးပေါ်ကူညီစောင့်ရှောက်နည်း၊ အရေးပေါ်လူနာများကို အသက်မဆုံးရှုံးစေရန်၊ အနာသက်သာစေရန်နှင့် ထိခိုက်ဒဏ်ရာများကို ကာကွယ်ရန် စာတွေ့/လက်တွေ့သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် ခရိုင်(ပြန်/ဆက်)